စထာပါနာလီမိတက်မြန်မာသည် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည့်အပြင် မိမိတို့လုပ်ငန်းဆောင်ရွက်နေသည့် နယ်မြေဒေသများရှိ လူမှုအသိုင်းအဝိုင်းများအား ကူညီပံ့ပိုးပေးရန်လည်း အစဉ်အမြဲ ကတိကဝတ်ပြု ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့သော လူမှုအကျိုးပြုလုပ်ငန်းများအနက် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့ရှိ ရေဘေးသင့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ခြင်းသည်လည်း မွန်မြတ်ကောင်းမွန်သော လုပ်ဆောင်မှုတစ်ရပ် ဖြစ်ပါသည်။
အဆိုပါ လှူဒါန်းမှုတွင် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ဓာတ်ဆားထုပ်များနှင့် အခြား မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပါဝင်ပါသည်။ ဤလှူဒါန်းရေးလုပ်ငန်းစဥ်ကို ဟင်္သာတနှင့် ရေကြည် ရုံးခွဲဝန်ထမ်းများက စီစဉ်ဆောင်ရွက်ခဲ့ကြပြီး အဆိုပါပစ္စည်းများကို ဝယ်ယူထုပ်ပိုးကာ လေးမျက်နှာမြို့နယ်၊ ခမောက်စုနှင့် လဟာကြီးကျေးရွာများ၊ ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာတို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသော ရေဘေးသင့်အိမ်ထောင်စု (၁၀၀) ထံသို့ သွားရောက် လှူဒါန်းပေးဝေခဲ့ကြပါသည်။
ယခုလှူဒါန်းမှုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပါဝင်ကူညီပေးခဲ့ကြသူအားလုံးနှင့် ဤရက်ရောသောလှူဒါန်းမှု ဖြစ်မြောက်အောင် အဓိကအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ဟင်္သာတနှင့် ရေကြည်ရုံးခွဲများမှ ဝန်ထမ်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။














