စထာပါနာလီမိတက် အင်းစိန်ရုံးခွဲတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိကြောင်း အတည်ပြု သတင်းထုတ်ပြန်ချက်

နေ့စွဲ ။ ။ ၁၈.၉.၂၀၂၀

ကျွန်ုပ်တို့၏ စထာပါနာလီမိတက် အင်းစိန်ရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု သတင်းထုတ်ပြန်အပ်ပါသည်။ အဆိုပါ အင်းစိန်ရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ၎င်းဝန်ထမ်းသည် (၉.၉.၂၀၂၀) နေ့တွင် သတ်မှတ်အပူချိန်ထက် ကျော်လွန်ပြီး ချောင်းဆိုးနေသောကြောင့် ၎င်းကို Fever Clinic တွင် စစ်ဆေးပြီး ထိုနေ့မှစ၍ ရုံးသို့ မလာရောက်စေဘဲ ဆရာဝန် ညွှန်ကြားချက်အတိုင်း အိမ်၌သာနေထိုင်စေကာ ပြင်ပသို့ သွားလာမှုလည်း မရှိခဲ့ပါ။

(၁၀.၉.၂၀၂၀) နေ့တွင် ဆရာဝန်ညွှန်ကြားချက်အတိုင်း အင်းစိန်ဆေးရုံသို့ တက်ရောက်ခဲ့ပြီး (၁၁.၉.၂၀၂၀) နေ့တွင် Swab Test ပြုလုပ်ခဲ့ပါသည်။ Swab Test ၏ အဖြေကို အင်းစိန်ဆေးရုံတွင် တက်ရောက်၍ စောင့်ဆိုင်းနေခဲ့ပြီး (၁၃.၉.၂၀၂၀) နေ့တွင် Negative အဖြေကို ရရှိခဲ့ပါသည်။ ထို့နောက် ၁၄ ရက် Home Quarantine ပြုလုပ်ရန် နေအိမ်သို့ ပြန်လည်ရွှေ့ပြောင်းခဲ့ပါသည်။

(၁၅.၉.၂၀၂၀) နေ့တွင် သတ်မှတ်အပူချိန်ထက် ပြန်လည်ကျော်လွန်ပြီး ဝမ်းလျှောလာသောကြောင့် ရွှေပြည်သာ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ Swab Test ပြန်လည်ပြုလုပ်ခဲ့ပြီး သာဓုကန်ရှိ Quarantine Centre သို့ ပို့ဆောင်၍ Swab Test အဖြေကို စောင့်ဆိုင်းစေခဲ့ပါသည်။ (၁၇.၉.၂၀၂၀) နေ့ညတွင် Positive အဖြေဖြစ်ကြောင်း သိရှိရကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၁၈.၉.၂၀၂၀) နေ့ထုတ်ပြန်သော အတည်ပြု လူနာများ စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းဝန်ထမ်း၏ မိသားစုဝင်များ အားလုံးကိုလည်း Quarantine Centre သို့ပို့ဆောင်ပြီးဖြစ်ပါသည်။

၎င်းဝန်ထမ်းနှင့်နီးကပ်စွာ တာဝန်ထမ်းဆောင်ခဲ့သော အခြားဝန်ထမ်းများ အားလုံးကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့် လျက်ရှိပြီး လုပ်ဖော်ကိုင်ဖက် စာရင်းအသေးစိတ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အကြောင်းကြားပြီးဖြစ်ပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ စထာပါနာလီမီတက် အင်းစိန်ရုံးခွဲ၏ ဝန်ဆောင်မှုများကို (၁၈.၉.၂၀၂၀) နေ့မှစ၍ နောက်ထပ် အကြောင်းကြားမှု မထုတ်ပြန်ခင်အထိ ခေတ္တယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ၊ ပိုးသတ်ဆေးဖြန်းခြင်းစသော သန့်ရှင်းရေး လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ COVID-19 ကပ်ရောဂါဖြစ်ပွားချိန်တွင် မိမိ၏ဝန်ထမ်းများနှင့် အသင်းသားများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသည် စထာပါနာလီမိတက်၏ အဓိကဦးစားပေးလုပ်ငန်းဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရ နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော COVID-19 ရာဂါကာကွယ်ရေး၊ တိုက်ဖျက်ရေးနှင့် ကုသရေးလုပ်ငန်းများကိုလည်း ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စထာပါနာလီမီတက်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော အမိန့်ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များကို အစဉ်လေးစားလိုက်နာပြီး အသင်းဝင်များအား ရေရှည်တည်တံ့သော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း အသင်းသားများနှင့် ပြည်သူများအား လေးစားစွာ အသိပေး တင်ပြအပ်ပါသည်။

စထာပါနာလီမိတက် (ရုံးချုပ်)
အမှတ် (၃၅၁/ခ) ပြည်လမ်း၊စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Share this post