ဒစ်ဂျစ်တယ်ငွေပေးသွင်းမှုအတွက် Wave Money နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

စထာပါနာလီမိတက်သည် အသင်းသားများ အဆင်ပြေချောမွေ့စွာ ငွေပေးသွင်းမှု ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဖြစ်သော Wave Money မှတဆင့် တရားဝင်ငွေပေးချေမှု ပြုလုပ်နိုင်ပြီ ဖြစ်ပါကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ကြေငြာအပ်ပါသည်။ အသင်းသားသည် မိမိနှင့် အနီးဆုံးတွင်ရှိသော Wave Money Agent မှတဆင့်၎င်း၊ Wave Pay Application မှတဆင့်၎င်း စထာပါနာသို့ ငွေပေးသွင်းမှု ပြုလုပ်နိုင်ပါသည်။

အသင်းသားများသည် ၎င်းတို့ နေထိုင်ရာနေရာနှင့် သက်ဆိုင်ရာရုံးခွဲ၏ အကွာအဝေးကို ထည့်သွင်းစဉ်းစားရန် မလိုတော့ဘဲ ဒစ်ဂျစ်တယ်နည်းအားဖြင့် အရင်ထက် ပိုမိုအဆင်ပြေလွယ်ကူစွာ ငွေပေးသွင်းမှု ပြုလုပ်နိုင်ပြီ ဖြစ်ပါ သည်။ ဤနည်းအားဖြင့် စထာပါနာရုံးခွဲများတွင် လူစုလူဝေးဖြစ်မှုကို လျော့ကျကင်းဝေးစေသည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကိုလည်း တားဆီးကာကွယ်နိုင်ပါသည်။

အသင်းသားအမှတ် တစ်ခုချင်းစီသည် သီးသန့်ငွေလွှဲမှု တစ်ကြောင်းစီ ပြုလုပ်ရန် လိုအပ်ပြီး ငွေလွှဲမှုတစ်ကြောင်း အတွက် ဝန်ဆောင်ခသည် ၂၀၀- ကျပ် (နှစ်ရာကျပ်) သာ ဖြစ်ပါသည်။

စထာပါနာသည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော စိန်ခေါ်မှုများအကြား အတတ်နိုင်ဆုံး အားစိုက်ထုတ်၍ မိမိတို့၏ အသင်းသားများနှင့် မြန်မာပြည်သူများအတွက် ရေရှည်တည်တံ့၍ အကောင်းမွန်ဆုံးသော ဘဏ္ဍာရေး ဝန်ဆောင်မှုကို ထောက်ပံ့ပေးအပ်မည်ဆိုသော ကတိကဝတ်ကို ထပ်လောင်း ပေးအပ်ပါသည်။

 

 

Share this post