ဒေါ်နှင်းဝတ်ရည်အား မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း (MMFA) ၏ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ခန့်အပ်ခြင်း

ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် (COO) ဖြစ်သူ ဒေါ်နှင်းဝတ်ရည်သည် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း (MMFA) ၏ အလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ အဆိုပါခန့်အပ်မှုကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အသင်း၏ နှစ်ပတ်လည်အထွေထွေညီလာခံတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ 

ဒေါ်နှင်းဝတ်ရည်သည် စထာပါနာလီမိတက်မြန်မာ သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စတင်ဝင်ရောက်ခဲ့ပြီး အသေးစားငွေရေးကြေးရေးကဏ္ဍရှိ သူမ၏ကျယ်ပြန့်သော အတွေ့အကြုံများဖြင့် အဖွဲ့အစည်းအား ပိုမိုခိုင်မာတောင့်တင်းလာစေရန် အရေးပါသောကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ သူမသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့ (စာရင်းအင်းပညာ) နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MPA) တို့ကို ရရှိထားသူဖြစ်ပြီး၊ ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် (UTCC) မှ စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA) ကိုလည်း ရရှိထားသူဖြစ်သည်။ 

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍတွင် လုပ်သက် ၁၀ နှစ်ကျော်ရှိပြီဖြစ်သော ဒေါ်နှင်းဝတ်ရည်သည် ယခင်ကလည်း United Amara Bank နှင့် ဧရာဝတီဘဏ် အစရှိသည့် နာမည်ဂုဏ်သတင်းကြီးသော ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် သူမ၏ကျွမ်းကျင်မှုများဖြင့် ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။ 

သူမ၏ ခိုင်မာသောဦးဆောင်မှုအရည်အချင်း၊ လုပ်ငန်းအပေါ် နက်ရှိုင်းစွာနားလည်မှုနှင့် ပရော်ဖက်ရှင်နယ်ဆန်သော ကတိကဝတ်များကြောင့် MMFA ၏ လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီရန်၊ သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် လိုအပ်သည့်အခါတွင် စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့များနှင့် မူဝါဒဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများတွင် အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါသည်။ 

ဤအရေးကြီးသော အောင်မြင်မှုအတွက် ဒေါ်နှင်းဝတ်ရည်အား ကျွန်ုပ်တို့မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် MMFA အတွင်းသာမက မြန်မာနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော အသေးစားငွေရေးကြေးရေးကဏ္ဍအပေါ် သူမ ဆက်လက်ဖန်တီးပေးမည့် ကောင်းမွန်သော သက်ရောက်မှုများကိုလည်း မျှော်လင့်စောင့်စားလျက်ရှိပါသည်။ 

 

Share this post