ရေကြည်မြို့နယ်ရှိ စထာပါနာလီမိတက်၏ ရေဘေးသင့်အသင်းသားများအတွက် ကူညီထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရသည့် စထာပါနာအသင်းသားများအတွက် ငွေကြေးထောက်ပံ့ကူညီသည့် အစီအစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကူညီထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ဘထူးရပ်ကွက် (၈)၊ အောင်သိဒ္ဓိကျောင်းတိုက်၌ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

ကူညီထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲသို့ စထာပါနာ၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Mr. Sudeep Gupta နှင့် ရုံးချုပ်မှ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင် (၅) ဦး၊ ဧရာဝတီတိုင်းဒေသကြီး အကြီးတန်းတာဝန်ခံနှင့် လက်ထောက်တာဝန်ခံ၊ ရေကြည်ရုံးခွဲတာဝန်ခံနှင့် ရုံးခွဲဝန်ထမ်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့် ရေဘေးသင့်အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။

အသင်းသားများ အခက်အခဲကြုံတွေ့ရချိန်တွင် ကူညီထောက်ပံ့မည်ဟူသော စထာပါနာ၏ ကတိကဝတ်ပြုချက်အတိုင်း သတ်မှတ်ချက်နှင့်ကိုက်ညီသော ရေဘေးသင့်အသင်းသားတစ်ဦးလျှင် ငွေကျပ် ၁၀၀,၀၀၀ (တစ်သိန်းကျပ် တိတိ) စီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါပွဲတွင် စုစုပေါင်း အသင်းသား (၂၁၇) ဦးတို့သည် ငွေကြေးထောက်ပံ့မှုများကို လက်ခံရရှိခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မှုများအပြီးတွင် ပြုလုပ်ခဲ့သော ကွင်းဆင်းဆန်းစစ်ချက်များအရ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ စထာပါနာအသင်းသား စုစုပေါင်း (၆၄၇) ဦးမှာ ရေဘေးဒဏ်ခံခဲ့ရကြောင်း စာရင်းကောက်ယူတွေ့ရှိခဲ့ရပါသည်။

စထာပါနာသည် ရေဘေးသင့်အသင်းသားများ ပြန်လည်ထူထောင်ရေးနှင့် လုပ်ငန်းများပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးမည့်အစီအစဉ်အရ ကျန်ရှိနေသေးသော ရေဘေးသင့်အသင်းသားများထံသို့ ထောက်ပံ့ငွေများကို ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။

 

Share this post

More News!