ချစ်ခင်လေးစားရပါသော စထာပါနာနှင့် လုပ်ငန်းဆက်စပ်ပတ်သက်သူများရှင်။
စထာပါနာလီမိတက်၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် (Chief Operations Officer – COO) အဖြစ် ဒေါ်နှင်းဝတ်ရည် ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ တရားဝင်ခန့်အပ်ကြောင်း အသိပေးအပ်ပါသည်။
ဒေါ်နှင်းဝတ်ရည်သည် စီးပွားရေးပညာဘွဲ့ (စာရင်းအင်းပညာ) ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပထမဘွဲ့အဖြစ် ရရှိခဲ့ပါသည်။ ထို့အပြင် ၎င်းသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MPA) နှင့် University of Thai Chamber of Commerce (UTCC) မှ စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA) တို့ကိုလည်း ရရှိခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဒီပလိုမာ၊ Temasek Polytechnic (စင်ကာပူ) မှ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာနှင့် HIDA (ဂျပန်) မှ အမှုဆောင်များအတွက် စီမံခန့်ခွဲမှုမြှင့်တင်ရေး (Management Improvement for Executives) တို့ကိုလည်း ရရှိထားပါသည်။
ဒေါ်နှင်းဝတ်ရည်တွင် United Amara Bank (UAB) နှင့် Ayeyarwady Bank ကဲ့သို့ လူသိများသောဘဏ္ဍာရေးအဖွဲ့အစည်းများတွင် ပြောင်မြောက်စွာလုပ်ကိုင်ဆောင်ရွက်ခဲ့သော အတွေ့အကြုံများ ရှိပါသည်။ စထာပါနာလီမိတက်သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် လုပ်ငန်းလည်ပတ်ရေးဌာနမှူး အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မေလတွင် အကြီးတန်းလုပ်ငန်းလည်ပတ်ရေးဌာနမှူးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရပါသည်။
ဒေါ်နှင်းဝတ်ရည်၏ အသေးစားငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ်ဆိုင်ရာ နက်နဲသောဗဟုသုတနှင့် ကြွယ်ဝသောအတွေ့အကြုံများသည် စထာပါနာအတွက် အဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုတစ်ခုဖြစ်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ အသင်းသားများအား လူတိုင်းလက်လှမ်းမီသော၊ ရေရှည်တည်တံ့သော ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်လျက် စထာပါနာလီမိတက်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်နှင်းဝတ်ရည်သည် များစွာအထောက်အကူပြုလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။
စထာပါနာလီမိတက် (ရုံးချုပ်)
အမှတ် (၃၅၁/ဘီ) ၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။



