စထာပါနာလီမိတက်၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်ဖြစ်သူ ဦးမြကို အား မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်း (MMFA) ၏ အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရခြင်း
စထာပါနာလီမိတက်၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်ဖြစ်သူ ဦးမြကို အား မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်း (MMFA) ၏ အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော MMFA ၏ နှစ်ပတ်လည်စုံညီ အစည်းအဝေး၌ ရွေးချယ်ခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
ဦးမြကိုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ စထာပါနာလီမိတက်နှင့် စတင်လက်တွဲခဲ့ပြီး ၎င်းသည် အသေးစားငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်၌ များပြားသောအတွေ့အကြုံနှင့် စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါသည်။ ဦးမြကိုသည် မုံရွာစီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာအထူးပြုဘွဲ့ကို ၂၀၀၅ ခုနှစ်တွင်လည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်းပညာဒီပလိုမာဘွဲ့အား ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့သင်တန်းကို ၂၀၁၉ ခုနှစ် တွင်လည်းကောင်း လေ့လာသင်ယူခဲ့ပါသည်။
ဦးမြကိုသည် စထာပါနာလီမိတက်အပါအဝင် Bagan Capital, Hayman Capital, MC Easy, Aeon စသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်၌ ဆယ်စုနှစ် တစ်ခုကျော် အတွေ့အကြုံကောင်းများပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါသည်။ ဦးမြကိုအနေနှင့် ၎င်း၏ ဦးဆောင်မှုစွမ်းရည်နှင့် များပြားသော လုပ်ငန်းအသိအမြင်များကို အသုံးချကာ မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်း (MMFA)၏ လုပ်ငန်းဆောင်တာများ၊ လုပ်ငန်းတွင်းပြင်ရှိ အကျိုးစီးပွားပါဝင်ဆက်နွယ်သူများနှင့် ပူးတွဲဆောင်ရွက်ခြင်းများ၊ အသင်းအား အားပေးထောက်ခံမှုများနှင့် လိုအပ်ပါက ကြီးကြပ်စစ်ဆေးသူများနှင့် ဆွေးနွေးဆောင်ရွက်ခြင်းများအား ကောင်းစွာ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။
စထာပါနာလီမိတက်မှ ယခုကဲ့သို့ တိုက်တန်စွာ အသိအမှတ်ပြုခံရသော ဦးမြကိုအား လှိုက်လှဲစွာ ထပ်မံဂုဏ်ပြုရင်း အနာဂတ်တွင် ၎င်း၏ အရေးပါသော လုပ်ဆောင်မှုများမှတဆင့် မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်း (MMFA) နှင့် မြန်မာနိုင်ငံ၏ အသေးစား ငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်အတွက် အောင်မြင်တိုးတက်မှုများ ဖော်ဆောင်ပေးနိုင်မည်ကို တထစ်ချယုံကြည်အပ်ပါသည်။