“SPIR-3” အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခြင်း

Date : 25.9.2020

နေ့စွဲ – ၂၅ ရက်၊ ၉ လ၊ ၂၀၂၀ ခုနှစ်

စပိန်နိုင်ငံအခြေစိုက် “Inclusion (Social Ratings)” အဖွဲ့အစည်းမှ စထာပါနာ၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ လူမှုရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် အပြုသဘောဆောင်သော လူမှုရေး အကျိုးသက်ရောက်မှု များကို တိုင်းတာစီစစ်အကဲဖြတ်၍ “SPIR-3” အဆင့်ရှိသော “Social Performance and Impact Rating Certificate” ကို ပေးအပ် ချီးမြှင့်ခဲ့ပါကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ကြေငြာအပ်ပါသည်။

“Social Performance and Impact Ratings” အစီအစဉ်သည် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ စီးပွားရေး လုပ်ဆောင်မှုများကြောင့် ကောင်းမွန်၍ အပြုသဘောဆောင်သော လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို တိုင်းတာစီစစ် အကဲဖြတ်၍ သတ်မှတ်ချက်များ ပြည့်မှီခဲ့လျှင် အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါသည်။ ယခုအသိအမှတ်ပြုလက်မှတ်ကို ပေးအပ်နိုင်ရန်အတွက် ပြုလုပ်သော စီစစ်အကဲဖြတ်မှု လုပ်ငန်းစဉ်တွင် စထာပါနာနှင့် စပ်ဆိုင်သော အချက်အလက်များဖြစ်သည့် စထာပါနာ၏ လုပ်ငန်းတာဝန်ဆိုင်ရာ မူဝါဒကြေငြာချက် (Mission Statement) ၊ ဝန်ထမ်းများသို့ ပို့ချသော လူမှုရေးဆောင်ရွက်မှုဆိုင်ရာ သင်တန်းများ၊ စထာပါနာ၏ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု ထုတ်ကုန်ပစ္စည်းများ၊ ချေးငွေပေးအပ်ရန် စီစစ် အကဲဖြတ်သော လုပ်ထုံးလုပ်နည်းများ၊ တရားမျှတ၍ လေးစားမှုရှိသော အသင်းသားဆက်ဆံရေးမူဝါဒ၊ ဝန်ထမ်းများနှင့် အသင်းသားများတွင် အမျိုးသမီးဦးရေ ပါဝင်မှုအချိုးအစားနှင့်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ စီးပွားရေးအလေ့အကျင့်များ စသည့် အကြောင်းအရာအားလုံးကို သေချာစွာ ရေတွက် ထည့်သွင်းပြီး ကောင်းစွာလွှမ်းခြုံသော စီစစ်အကဲဖြတ်မှုများဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

စထာပါနာလီမိတက်သည် ယခုကဲ့သို့ အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခံခဲ့ရမှုအတွက် လွန်စွာဂုဏ်ယူ ဝမ်းမြောက်၍ စထာပါနာနှင့် စပ်ဆိုင်သောသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ လာမည့်နှစ်များတွင် ယခုထက်ပိုမို ကောင်းမွန်သော ရမှတ်များနှင့် ပိုမိုမြင့်မားသော အဆင့်သတ်မှတ်ချက်များ ရရှိအောင်လည်း အကောင်းဆုံးကြိုးပမ်းအားထုတ်၍ လုံ့လဝီရိယထား ဆောင်ရွက်မည်ဖြစ်ပါကြောင်း ထပ်လောင်း၍ ကတိကဝတ်ပြုပါသည်။

စထာပါနာလီမိတက် (ရုံးချုပ်)
အမှတ် (၃၅၁/ခ) ပြည်လမ်း၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Share this post

More News!