“ဇီဝပိုးမွှားအခြေပြုနည်းစနစ်ဖြင့် စိုက်ပျိုးရေးကဏ္ဍအခွင့်အလမ်းဆီသို့” ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးအသိ ပညာမျှဝေပေးအပ်သည့် ဆွေးနွေးပွဲကို ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာအုပ်စု၊ ရွာတန်းခန်းမ၌ ၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်နေ့၊ နံနက် (၉) နာရီမှ (၁၂) နာရီအထိကျင်းပခဲ့ရာ၊ ရွာတန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ပေါင်း (၂၄) ရွာမှ စပျစ်သီးစိုက်ပျိုးသော လုပ်ငန်းရှင်တောင်သူပေါင်း (၃၀၀) ခန့်တက်ရောက်ခဲ့ပါသည်။
ဤပွဲဖြစ်မြောက်ရေးအတွက် စထာပါနာလီမိတက်၊ မြင့်မိုရ်သျှမ်း စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်း၊ John Deere – Capital Automotive Ltd, Myanmar နှင့် Capital Taiyo Life Insurance Company Limited တို့မှ ပူးပေါင်းစီစဉ်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အငြိမ်းစား) ဒေါက်တာ တင်ထွဋ်ဦးမှ အဖွင့်အမှာစကားပြောကြား၍ အခမ်းအနား အားစတင်ခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးပညာရှင် ဦးသန့်ဇော်စိုးမှ “ဇီဝပိုးမွှားအခြေပြုနည်းစနစ်ဖြင့် စိုက်ပျိုးရေး ကဏ္ဍအခွင့်အလမ်းဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး စိုက်ပျိုးရေး သုတေသန၊ အပူပိုင်းဒေသသစ်သီးဝလံ ဗဟိုဌာန၊ ခြံမန်နေဂျာ ဦးမင်းသီဟမှ “ဘေးရန်ကင်းရှင်းသော စပျစ်စိုက်ပျိုးရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောခဲ့ပါသည်။ ဤဟောပြောပွဲမှတစ်ဆင့် စပျစ်စိုက်တောင်သူလုပ်ငန်းရှင်များ အနေနှင့် စိုက်ပျိုးရေး ကဏ္ဍအကျိုးပြုဇီဝပိုးမွှားများနှင့် သဘာဝအခြေပြုသွင်းအားစုများအား သိရှိအသုံးပြု ခြင်းဖြင့် တောင်သူများ ကျန်းမာရေး ထိခိုက်မှုနည်းပါးစေရန်၊ အသုံးစားရိတ်လျှော့ချနိုင်ရန်၊ စားသုံးသူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းသော စိုက်ပျိုးရေးထွက်ကုန်များသုံးစွဲနိုင်ရန်နှင့် စိုက်ပျိုးမြေများပျက်စီးနေမှု ကိုလည်း လျှော့ချရပ်တန့်သွားစေရန် စသည့်အကျိုး ကျေးဇူးများရရှိစေရန် ရည်ရွယ်ပါသည်။
ဆက်လက်၍ စထာပါနာလီမိတက်၊ စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်း၊ John Deere – Capital Automotive Ltd, Myanmar နှင့် Capital Taiyo Life Insurance Company Limited တို့မှလည်း စပျစ်စိုက်တောင်သူများအား မိမိတို့ဝန်ဆောင်မှုလုပ်ငန်းများအကြောင်း မိတ်ဆက်ရှင်းပြခဲ့ပြီး သိလိုသည်များနှင့် မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
ထို့နောက် စပျစ်သီးစိုက်တောင်သူများ၏ကိုယ်စား လုပ်ငန်းရှင်တောင်သူကြီး ဦးချစ်ပီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် တောင်သူများအား နေ့လည်စာနှင့် အအေးဘူးများဝေငှ၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။











