ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်
စထာပါနာလီမိတက်သည် ၎င်း၏ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့က ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရုံးခွဲများတွင် အသီးသီးကျင်းပပြုလုပ်ခဲ့ပါသည်။
စထာပါနာရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် အခမ်းအနား၌ (၁၁) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုကျင်းပခဲ့ပြီး သွေးလှူဒါန်းခဲ့ကြသော ဝန်ထမ်းများအားလည်း အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စီမံခန့်ခွဲမှုအဖွဲ့၊ ရုံးချုပ်မှဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရုံးခွဲများမှ သွေးလှူဒါန်းခဲ့ကြသော ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စထာပါနာလီမိတက်၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Mr. Sudeep Gupta မှ နှစ်ပတ်လည်နေ့မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ ၎င်း၏ အမှာစကားတွင် သွေးလှူဒါန်းသူများ၏ ကိုယ်ကျိုးစွန့်မှုနှင့် မြင့်မြတ်သော လုပ်ဆောင်ချက်များအတွက် ကျေးဇူးတင်ရှိကြောင်း ဦးစွာ ပြောကြားခဲ့ပါသည်။ ထို့နောက် ကုမ္ပဏီ၏ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ပြီး စထာပါနာလီမိတက်အနေဖြင့် တူညီသောမျှော်မှန်းချက်မှသည် ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်လာသော အဖွဲ့အစည်းတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည့် ခရီးလမ်းကို ပြန်ပြောင်းပြောကြားခဲ့ပါသည်။
Mr. Gupta မှ ကုမ္ပဏီ၏ (၁၁) နှစ်တာ အောင်မြင်မှုများသည် ဝန်ထမ်းများ၏ စူးစိုက်နှစ်မြှုပ်မှု၊ ပညာရှင်ပီသမှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်တို့ကြောင့်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့ပါသည်။ နှစ်ပတ်လည်နေ့သည် လွန်ခဲ့သော အောင်မြင်မှုများကို ဂုဏ်ပြုခြင်းသာမက တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုအသစ်များ၏ အခန်းကဏ္ဍသစ် အစပြုခြင်းလည်းဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့ပါသည်။ ဝန်ထမ်းများအနေဖြင့် အလုပ်အပေါ်သစ္စာစောင့်သိမှုဖြင့် ဆက်လက်ရပ်တည်ပြီး ပိုမိုကြီးမားသော အောင်မြင်မှုများဆီသို့ အတူတကွ လက်တွဲကြိုးပမ်းကြရန် တိုက်တွန်းခဲ့ပြီး ဝန်ထမ်းများ၏ အဖိုးတန်သော ပံ့ပိုးကူညီမှုများအားလုံးအတွက်လည်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပြီး ဂုဏ်ပြုပါကြောင်း ဖော်ပြခဲ့ပါသည်။
CEO ၏ အမှာစကားအပြီးတွင် စထာပါနာလီမိတက်၏ ဒုတိယအမှုဆောင်အရာရှိချုပ် (DCEO) ဖြစ်သူ Mr. Yuji Muto မှလည်း သွေးလှူဒါန်းသူများ၏ အဓိပ္ပာယ်ပြည့်ဝပြီး မြင့်မြတ်သော လုပ်ဆောင်မှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့အပြင် ဤမင်္ဂလာရှိသော (၁၁) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ဝန်ထမ်းများအား ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီး ဆုမွန်ကောင်းများကိုလည်း ပေးခဲ့ပါသည်။
ထို့နောက် သွေးလှူဒါန်းမှုတွင်ပါဝင်ခဲ့ကြသော သွေးလှူရှင်များကို ကျေးဇူးတင်ရှိသောအထိမ်းအမှတ်အဖြစ် CEO နှင့် DCEO တို့မှ လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ကြပါသည်။ဆက်လက်၍ CEO မှ ဌာနအသီးသီး၏ ကိုယ်စားလှယ်များအား နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပို့စ်ကတ်များ ပေးအပ်ခြင်း၊ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းနှင့် နှစ်ပတ်လည်ကိတ်မုန့်ခွဲခြင်း အခမ်းအနားများကို ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို တက်ရောက်လာကြသူများအား ဧည့်ခံကျွေးမွေးမှုများ ပြုလုပ်ခဲ့ပြီး နွေးထွေးပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ထို့အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ စထာပါနာရုံးခွဲအားလုံးသည်လည်း မနေ့က မွန်းလွဲပိုင်းတွင် ၎င်းတို့၏ သက်ဆိုင်ရာ ရုံးခွဲများအသီးသီး၌ (၁၁) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ကြပါသည်။


















