“စထာပါနာလီမိတက်၏ ၂၀၂၅ ခုနှစ် International Women’s Day အား ဂုဏ်ပြုကျင်းပခြင်း”

၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စထာပါနာလီမိတက်သည် ကျားမတန်းတူညီမျှမှုရှိစေရန် ကတိကဝတ်ပြုမှုနှင့် လုပ်ငန်းခွင်အတွင်း အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုတို့ကို အသိအမှတ်ပြုသည့် အထိမ်းအမှတ်အဖြစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အား ဂုဏ်ယူဝမ်းမြောက်စွာကျင်းပခဲ့ပါသည်။ အဆိုပါပွဲ၌ စထာပါနာလီမိတက်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Sudeep Gupta မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အစပြုရာ ၁၉၀၉ ခုနှစ်မှ ၁၉၇၇ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ဦးဆောင်မှုဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုကျင်းပခဲ့သည့် နေ့အထိ သမိုင်းအကျဉ်းချုပ်အား ဝေမျှပေးခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ အနှစ်သာရမှာ ကျားမတန်းတူညီမျှမှုနှင့် အမျိုးသမီးများ ကဏ္ဍအသီးသီး၌ တူညီသောအခွင့်အရေးများ ရရှိရန် အားပေးထောက်ခံခြင်းပင်ဖြစ်ကြောင်း Mr. Gupta မှ ပြောကြားပါသည်။ အဆိုပါအခမ်းအနားမှတစ်ဆင့် စထာပါနာလီမိတက်မြန်မာ၌ လုပ်ကိုင်ဆောင်ရွက် နေသော အမျိုးသမီးများ၏ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုတို့ကိုလည်း ၄င်းမှ ဂုဏ်ယူအသိအမှတ် ပြုခဲ့ပါသည်။ စထာပါနာလီမိတက်၏ ကျားမတန်းတူညီမျှမှုရရှိရန် ကတိကဝတ်ပြု ဆောင်ရွက်မှုကို မီးမောင်း ထွန်းပြသည့် အချက်တစ်ခုအနေဖြင့် စထာပါနာလီမိတက်၌ အမျိုးသားဝန်ထမ်းနှင့် အမျိုးသမီးဝန်ထမ်း ရာခိုင်နှုန်းမျှတစွာရှိနေပြီး အားလုံးတန်းတူညီမျှပါဝင်သော လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ရပ် ပိုင်ဆိုင်ကြောင်းကိုလည်း Mr. Gupta မှ ဂုဏ်ယူစွာ ပြောကြားခဲ့ပါသည်။

ထပ်မံ၍ Mr. Gupta မှ အခမ်းအနားသို့ မတက်ရောက်နိုင်သော ရုံးချုပ်နှင့် ရုံးခွဲများမှ အမျိုးသမီး ဝန်ထမ်းများအပါအဝင် စထာပါနာလီမိတက်၏ အမျိုးသမီးဝန်ထမ်းများအားလုံးအား ၄င်းတို့၏ မမှိတ်မသုန်သော စူးစိုက်အားထုတ်မှုတို့အတွက် တန်ဖိုးထားကျေးဇူးတင်ရှိကြောင်းပြောကြားပါသည်။ ၄င်းနောက် အခမ်းအနား၌ပါဝင်တက်ရောက်သူ အမျိုးသမီးဝန်ထမ်းအားလုံးအား ၄င်းတို့၏ ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု တန်ဖိုးထားသည့်အနေဖြင့် လက်ဆောင်များကို အသီးသီးပေးအပ်ခဲ့ပါသည်။

ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းသည် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ခေါင်းစဉ်ဖြစ်သော “Accelerate Action” နှင့်လည်း ကိုက်ညီမှုရှိပါသည်။ အဆိုပါ “Accelerate Action” ခေါင်းစဉ်အောက်မှတစ်ဆင့် အမျိုးသမီးများအနေနှင့် လုပ်ပိုင်ခွင့်များရရှိပြီး ၄င်းတို့ စွမ်းစွမ်းတမံဆောင်ရွက်ခွင့်ရသော လုပ်ငန်းခွင်များဖန်တီးပေးရန်အဓိက ရည်ရွယ်ပါသည်။ စထာပါနာလီမိတက်အနေဖြင့် Business Coalition for Gender Equality (BCGE) ၏ “Implementor” အသင်းဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ BCGE နှင့် ပူးပေါင်း၍ ဤလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ယခုကဲ့သို့ အဓိပ္ပာယ်ပြည့်ဝကောင်းမွန်သောလှုပ်ရှားမှုတွင် ပါဝင်ခွင့်ရခြင်းအတွက် လွန်စွာဂုဏ်ယူ ဝမ်းမြောက်ပြီး ရှေ့လျှောက် အကျိုးတူအဖွဲ့အစည်းများ၊ အကျိုးစီးပွားပါဝင်ဆက်နွယ်သူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါသည်။ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် လုပ်ငန်းခွင် အတွင်းသာမက ကဏ္ဍအသီးသီးရှိ အမျိုးသမီးများအတွက် ပိုမိုတိုးတက်မှုများရရှိအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

စထာပါနာလီမိတက် (ရုံးချုပ်)                                                                                                                                                                                                         အမှတ် (၃၅၁/ခ)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်                                                                                                                                                                                 ရန်ကုန်၊ မြန်မာ။

Share this post