ပြောင်းစိုက်ပျိုးခြင်း

ပြောင်းသီးနှံသည် မြန်မာနိုင်ငံအတွက် ဆန်စပါးပြီးလျှင် အဓိကအရေးပါသော သီးနှံများအနက်မှ တစ်ခု ဖြစ်ပြီး၊ လူသားများ၏ အစားအစာကွင်းဆက်တွင်လည်း အရေးကြီးသောသီးနှံတစ်ခု ဖြစ်ပါသည်။ လေ့လာ ထုတ်ပြန်ထားသော အစီရင်ခံစာ (Report) များအရ၊ ပြောင်းသီးနှံကို မြန်မာနိုင်ငံတွင် စုစုပေါင်းဧက (၁) သန်း မှ (၁.၂) သန်းခန့် အထိ စိုက်ပျိုးပြီး၊ စုစုပေါင်းသီးနှံထွက်ရှိမှုမှာ တစ်နှစ်လျှင် မက်ထရစ် တန်ချိန်ပေါင်း (၂.၅) သန်းမှ (၂.၉) သန်းအထိ ထွက်ရှိသည်ဟု သိရှိရပါသည်။

စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၅၅% ကျော်ခန့်ကို ရှမ်းပြည်နယ်တွင် စိုက်ပျိုး၍ အခြားစိုက်ပျိုးသော အဓိကဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ပါသည်။ စိုက်ပျိုးဧရိယာစုစုပေါင်း၏ ၈၅% ဝန်းကျင်ခန့်ကို မိုးသီးနှံအဖြစ် မေလ မှ ဇွန်လ အတွင်း စိုက်ပျိုး၍ အောက်တိုဘာလနှင့် နိုဝင်ဘာလ တွင် ရိတ်သိမ်းပါသည်။ ကျန် (၁၅%) ဝန်းကျင်ခန့် ကို နိုဝင်ဘာလ မှ ဒီဇင်ဘာလ အတွင်း စိုက်ပျိုး၍ မတ်လ နှင့် ဧပြီလ တွင် ရိတ်သိမ်းသော ခြောက်သွေ့သော ရာသီသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။

ထွက်ရှိသောသီးနှံစုစုပေါင်း၏ ၄၀% ခန့်ကို မွေးမြူရေးလုပ်ငန်းများအတွက် တိရိစ္ဆာန်အစားအစာထုတ်လုပ် ခြင်း၊ မုန့်ဖုတ်ခြင်းနှင့် စားသောက်ကုန်လုပ်ငန်းများတွင် အသုံးပြုခြင်း၊ အရက်ချက်လုပ်ရာတွင် အသုံးပြုခြင်း စသော ပြည်တွင်းစားသုံးမှုအဖြစ် အသုံးပြုပြီး ကျန် ၆၀% ဝန်းကျင်ခန့် ကို ယိုးဒယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုပ်နှင့် အိန္ဒိယစသော နိုင်ငံများသို့ တင်ပို့ရောင်းချသည်ဟု သိရှိရပါသည်။ ပြောင်းသီးနှံသည် နိုင်ငံ အတွက် နိုင်ငံခြားဝင်ငွေကို အဓိက ရှာဖွေပေးသော လယ်ယာထွက်ကုန်သီးနှံများ အနက်မှ တစ်ခု ဖြစ်ပါ သည်။

စထာပါနာလီမိတက်သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၌ အရေးပါသော သီးနှံတစ်ခုဖြစ်သည့် ပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်ပြီး၊ ၂၀၂၂ ခုနှစ် မိုးရာသီပြောင်းစိုက်ပျိုးမှုအတွက် တောင်ကြီးမြို့နယ်၊ အောင်ပန်းမြို့နယ်၊ ရပ်စောက်မြို့နယ်၊ နမ့်စန် မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ် နှင့် ဘားအံမြို့နယ်များမှ ပြောင်းစိုက် တောင်သူပေါင်း (၁၃၃၈) ဦးအား စိုက်ပျိုးရေးချေးငွေ စုစုပေါင်း ကျပ်ငွေ (၂.၄၃) ဘီလီယံခန့်အား ဝန်ဆောင်မှု ပေးအပ်ခဲ့ပါသည်။

Share this post