စထာပါနာလီမိတက် အနေဖြင့် JobNet မှ ဦးစီးကျင်းပသော ၂၀၂၃ခုနှစ်၏ မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (Best Companies to Work in Myanmar – BCIM) ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိခဲ့ခြင်း

စထာပါနာလီမိတက် အနေဖြင့် JobNet မှ ဦးစီးကျင်းပသော ၂၀၂၃ခုနှစ်၏ မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (Best Companies to Work in Myanmar – BCIM) ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိခဲ့သည့်အတွက် ဆုပေးပွဲ အခမ်းအနားကို ယနေ့မနက် ၁၀ နာရီ၊ ၃၀ မိနစ်တွင် စထာပါနာလီမိတက်၌ ကျင်းပခဲ့ပါသည်။ အဆိုပါဆုပေးပွဲသို့ JobNet မှ Mr. Matt De Luca (Managing Director) နှင့် အခြား တာဝန်ရှိဧည့်သည်များ၊ စထာပါနာလီမိတက်မှ Mr. Sudeep Gupta (CEO)၊ အမှုဆောင်ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ၄င်းဌာနအသီးသီးရှိ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
 
အခမ်းအနား၌ JobNet ၏ Managing Director, Mr. Matt De Luca မှ “The Best Companies to Work in Myanmar” program နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဖွင့်စကားပြောကြားပေးခဲ့ပါသည်။
 
တစ်ဖန် ဤဂုဏ်ယူဖွယ် အထိမ်းအမှတ်အတွက် စထာပါနာလီမိ၏ အမှုဆောင်အရာရှိချုပ် Mr. Sudeep Gupta မှလည်း အမှာစကားပြောကြားခဲ့ပါသည်။ Mr. Gupta မှ ယခုကဲ့သို့အောင်မြင်မှုရရှိခြင်းအတွက် လွန်စွာဂုဏ်ယူမိကြောင်း ရှေးဦးစွာပြောကြားခဲ့သည်။ ဤအောင်မြင်မှုတွင် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီက အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး ၄င်းတို့၏ ကြိုးပမ်းအားထုတ်မှု၊ စိတ်အားထက်သန်မှု နှင့် အကောင်းဆုံးရလာဒ်ရရှိနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်မှုတို့ကြောင့်သာ ဤဆုကို လက်ဝယ်ရရှိခဲ့ကြောင်းကို ထပ်လောင်းအတည်ပြု ပြောကြားပါသည်။ ကုမ္ပဏီတစ်ခုအနေနှင့်လည်း ကျွန်ုပ်တို့၏အနာဂတ်ရည်မှန်းချက်အပေါ်ယုံကြည်မှုရှိပြီး၊ အတူအကွကူညီပံ့ပိုးဆောင်ရွက်ပါက မည်သည့်အခက်အခဲဦးတည်ချက်ကိုမဆို ကျော်လွှားရယူနိုင်မည် ဖြစ်ကြောင်းကို ဤ BCIM ဆုရရှိခြင်းက သက်သေပြလျက်ရှိကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါသည်။
 
ထို့အပြင် ဤဆုကို ဆွတ်ခူးရယူနိုင်ခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီကို တန်ဖိုးထားခြင်း၊ စွန့်ဦးတီထွင်မှုကို အားပေးခြင်းနှင့်၊ အချင်းချင်းရင်းနှီးဖော်ရွေမှုကိုအားပေးခြင်း ဟူသော စထာပါနာလီမိတက်၏ ဓလေ့ထုံးစံကို ထင်ဟပ်စေပြီး၊ နောင်အနာဂတ်သို့ လျှောက်လှမ်းရာတွင်လည်း ဆက်လက်ပေါ်လွင်စေမည်ဖြစ်ကြောင်းကို ၄င်းမှ အလေးထားပြောဆိုခဲ့သည်။ သို့သော် စထာပါနာလီမိတက်အနေဖြင့် ယခုကဲ့သို့ စွမ်းဆောင်နိုင်မှုနှင့်သာ မတင်းတိမ်ပဲ၊ ရှေ့ဆက်၍လည်း ပိုမိုမြင့်မားသော ဦးတည်ချက်များကို ရရှိနိုင်အောင် ကြိုးပမ်းသင့်ကြောင်း၊ ဆက်လက်၍ တီထွင်ဆန်းသစ်မှုများ၊ မိမိကိုယ်ကိုစိန်ခေါ်မှုများနှင့် လုပ်ငန်းနယ်ပယ်အတွင်းမှလည်း အသိအမှတ်ပြု ဆောင်ရွက်မှုအသစ်များရရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ Mr. Gupta မှ အောင်မြင်မှုဆိုသည်မှာ ပန်းတိုင်တစ်ခုမဟုတ်ပဲ အဆုံးမရှိသောခရီးတစ်ခုသာဖြစ်ပြီး၊ ဤခရီးအား လျှောက်လှမ်းရာတွင် ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ၊ လူ့စွမ်းအားနှင့် ထုံးထမ်းဓလေ့များက လမ်းပြပေးသွားမည်ဖြစ်သောကြောင့် ယခုအောင်မြင်မှုကို ဂုဏ်ယူစွာကျင်းပပြီး ရည်မှန်းချက်အသစ်၊ ဆုံးဖြတ်ချက်အသစ်များဖြင့် ရှေ့သို့ဆက်လှမ်းကြရမည်ဖြစ်ကြောင်း၊ အဆုံးသတ်အမှာစကားအနေဖြင့် Mr. Gupta မှ ဝန်ထမ်းတစ်ဦးချင်းစီအား ၄င်းတို့၏ ကြိုးစားမှု၊ ကတိပြုမှု၊ နှင့် စထာပါနာလီမိတက်အပေါ် ယုံကြည်မှုတို့အတွက် ကျေးဇူးတင်စကားပြောကြားပြီး ရှေ့လျှောက်တွင်လည်း စထာပါနာလီမိတက် အနေဖြင့် အလုပ်လုပ်ရန်ကောင်းမွန်သော၊ ဖောက်သည်များအတွက် လက်တွဲဖော်ကောင်းဖြစ်သော၊ လူမှုအသိုင်းအဝိုင်းကိုအကျိုးပြုနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်အောင် အတူတကွကြိုးပမ်းသွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
၄င်းနောက် အခမ်းအနားအစီအစဉ်အရ Mr. Matt De Luca မှ “The Best Companies to Work in Myanmar” ဆုတံဆိပ်အားပေးအပ်ခဲ့ပြီး၊ စထာပါနာလီမိတက်ကိုယ်စား Mr. Sudeep Gupta မှ လက်ခံရယူခဲ့ပါသည်။
 
နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းရေးရာဌာနမှူး ဒေါ်မေမြတ်မိုးလှိုင်မှ ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်း၊ တက်ရောက်လာသူများကို စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ ခြင်းများပြုလုပ်ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပရုပ်သိမ်းခဲ့ပါသည်။
 
 
 
 
 
 
 
 
 
 
 
 

Share this post