စုပေါင်းဘုံကထိန်အလှူတေ်

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ကထိန်သင်္ကန်းကပ်လှူပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စည်ကားသိုက်မြိုက်စွာကျင်းပကြပါသည်။

ကထိန်သင်္ကန်းအား အချိန်အကန့်အသတ်ဖြင့်သာ လှူဒါန်းနိုင်ခြင်း၊ စေတနာသဒ္ဒါတရားသက်သက်ဖြင့်သာ လှူဒါန်းရခြင်း၊ သံဃာကျောင်းတိုက် တစ်ကျောင်းလျှင် ကထိန်တစ်ခါသာခင်းခွင့်ရှိပြီး၊ ကထိန်ခင်းမည့် သံဃာမှာလည်း ဝါတွင်းကာလအတွင်း ဝါကျိုးပျက်မှုမရှိသောသံဃာဖြစ်ရခြင်း စသည့် အကြောင်းအချက်များနှင့် ပြည့်စုံရသည့်အတွက် လေးနက်သောအလှူဒါနတစ်ခုပင် ဖြစ်ပါသည်။

စထာပါနာလီမိတက် ဝန်ထမ်းမိသားစု၏ စုပေါင်းဘုံကထိန်အလှူကိုလည်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ မဟာဇောတိကာရုံ စာသင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  စာသင်ကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့် အခြံအရံလှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ ရေစက်ချအမျှပေးဝေခဲ့ပါသည်။

Share this post