ဗုဒ္ဓဘာသာဝင်များ ဥပုသ်သီလဆောက်တည်သော ဝါတွင်းကာလပြီးဆုံးသည်နှင့် မြန်မာပြက္ခဒိန်၏ (၇) လမြောက်တွင်ကျရောက်သော သီတင်းကျွတ်ပွဲတော်သို့ ရောက်ရှိပါသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်သည် သင်္ကြန်ရေကစားပွဲတော်ပြီးလျှင် မြန်မာနိုင်ငံ၌ ဒုတိယအကြီးကျယ်ဆုံးဖြစ်ပြီး အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် (၁) ရက်နေ့တို့တွင် (၃) ရက်တိုင်တိုင် ကျင်းပလေ့ရှိပါသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်ကာလတွင် စေတီပုထိုးဘုရားများနှင့် နေအိမ်များကို ရောင်စုံ လျှပ်စစ်မီးများ၊ စက္ကူမီးပုံးများ၊ ဖယောင်းတိုင်များ၊ ဆီမီးများဖြင့် အလှဆင် မီးထွန်းကြပါသည်။ ထိုကာလတွင် မြန်မာ လူမျိုးများသည် ဘုရား၊ တရား၊ သံဃာဟူသော ရတနာ (၃) ပါးကိုသာမက မိဘ၊ ဆရာနှင့် သက်ကြီးဘိုးဘွား များကိုပါ ရှိခိုးကန်တော့ကြပါသည်။ မိဘများနှင့် ရိုသေလေးစားအပ်သော သက်ကြီးဘိုးဘွားများ၏ အိမ်သို့ သွားရောက်လည်ပတ်၍ လက်ဆောင်များဖြင့် ရှိခိုးကန်တော့ကြပါသည်။ ထိုအလေ့အထသည်ပင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ကောင်းမွန်သော ဓလေ့တခုဖြစ်ပြီး၊ ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပြီး ယနေ့တိုင် ကျင့်သုံးလျက်ရှိပါသည်။
မြန်မာနိုင်ငံတဝှမ်းရှိ စထာပါနာဝန်ထမ်းအများစုသည်လည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဖြစ်သည့်အလျောက် သီတင်းကျွတ်ပွဲတော်ကာလတွင် သက်ကြီးဘိုးဘွားများနှင့် ရာထူးဂုဏ်ဝါကြီးသူများကို ရှိခိုးကန်တော့သည့် ဓလေ့ထုံးတမ်းစဉ်လာကို လိုက်နာကျင့်သုံးကြပါသည်။